ယောနယ်ဒေသက ရောင်ဒူးတို့အစွဲအလမ်း
ယောနယ်ဒေသတွင် ရောင်ဒူးဟူသောတောင်သားလူမျိုးတစ်ဦးနေထိုင်လျက်ရှိပါသည်။ တောင်သားဆိုလျှင် လူသိနည်းပါသည်။ တောင်သားအကြောင်းလေ့လာဖော်ထုတ်ရေးသားမှုနည်း၍ပင်ဖြစ်ပါသည်။တောင်သားတို့သည် ၎င်းတို့ကိုတောင်သားဟူ၍ခေါ်ခြင်းထက် ရောင်ဒူးဟူ၍ခေါ်ခြင်းကိုသာနှစ်သက်တတ်ကြပါသည်။ ပြေးဝင်လာသူများကို တောင်သားစကားဖြင့် 'ရောင်ဒူး' ဟုခေါ်ပါသည်။တောင်သားတို့သည်ပြေးဝင်လာသူများဖြစ်ကြောင်း သမိုင်းအထောက်ထားလည်းရှိပါသည်။
တောင်သားအစ ပျူက
ပုဂံပြည့်ရှင်သမုဒ္ဒရာဇ်မင်း၏မိဘုရားမှာ စန္ဒာဒေဝီဖြစ်သည်။ စန္ဒာဒေဝီမောင်မှာ ပန်းပဲသမား ငစိန့်ဖြစ်သည်။ မောင်နှမနှစ်ယောက်စလုံးပျူလူမျိုးများဖြစ်သည်။ သမုဒ္ဒရာဇ်မင်းကြီးကိုတပါးသူကုန်းချော၍ငစိန့်မှာသေမိန့်ချခံရသည်။ ငစိန့်နှင့်ဆွေမျိုးများအားလုံး ပုဂံပြည်မှ ပခန်းကြီးနယ်၊ သံဖိုကြီးသို့ပြေးရသည်။ ရှမ်းစစ်သည်တို့လိုက်လာသည်။သည်မှယောနယ်ဒေသဘက်သို့ပြေးရသည်။ တောင်ကုန်းတောင်တန်းတို့ကိုဖြတ်ကျော်ရသည်။ မိန်းမသားတို့မှာ ပင်ပန်းလာသည်။ သက်လုံမကွဲစေရန်ရင်မှာတဘက်စည်းရတော့သည်။ တောင်ကြီးမှာပုန်း၍ပြေးရသဖြင့် ၎င်းတောင်ကိုပုန်းတောင်ဟုခေါ်ခဲ့သည်။ ပုန်းတောင်အနောက်ဘက်ရောက်သောအခါရှမ်းစစ်သည်တို့ နောက်ဆုတ်သွားသည်ကိုငစိန်တို့မြင်ကြ၍ ငစိန်တို့ဝမ်းသာလွန်း၍ညာသံပေးသည်။ ပြေးလည်းပြေးကြသည်။ ထိုတောင်ကို ပုန်းညာဟုခေါ်ခဲ့သည်။ပုန်းတောင် ပုန်းညာမှသည် နောက်ကာလကြာသောအခါ ပုံတောင်ပုံညာဟူ၍ ပြောင်းလည်းခေါ်လာကြသည်မှာယနေ့အထိဖြစ်သည်။
ရှမ်းစစ်သည်ရန်ကိုကြောက်၍ ရှောင်ရင်းတိမ်းရင်း ပြေးရင်းလွှားရင်း စကားတစ်မျိုးထွင်၍ ပြောကြသည်။ လူမျိုးတစ်မျိုးကဲ့သို့လည်းအသွင်ဖျောက်၍နေကြသည်။ ထိုမှစ၍ တောင်သားစကား၊ တောင်သားလူမျိုးဟူ၍ ဖြစ်ပေါ်လာရသည်။ ယောနယ်ဒေသတွင်တောင်သားတို့မူရင်းဇာတိမှာ - ထီးလင်းမြို့နယ် ၊ သံပုရာကျေးရွာအနောက်ဘက်စခန်းဖြစ်သည်။ ထိုစဉ်ကယင်းနေရာကို ရောင်းပြားရွာဟု ခေါ်ခဲ့သည်။ ၎င်းဒေ
သမှစ၍ တောင်သားလူမျိုးတို့အခြားနေရာဆီသို့ပျံ့နှံ့သွားခဲ့သည်။
သံပုရွာကျေးရွာသည် ရှေးကျသောတောင်သားဒေသဆိုလျှင် မမှားနိုင်ပါ။
ဝတ်စားဆင်ယင်မှု
တောင်သားအမျိုးသားတို့မှာ မြန်မာကဲ့သို့ဝတ်စားဆင်ယင်သည်။အမျိုးသမီးတို့မှာထမီအဖြူထည်သက်သက်ကိုသာဝတ်ဆင်သည်။ ထမီမှာ ဗမာအမျိုးသမီးအချို့ ဝတ်ဆင်သောစကတ်နှင့်တူသည်။ ကိုယ်ကာယအထက်ပိုင်းတွင်မည်းတဘက် (မည်းစောင်ရှည်) ကိုချိုင်းအောက်မှလျှို၍ ရစ်ပတ်ကာရင်သားကိုဖုံးမိအောင်စည်းသည်။ အနီရောင်တဘက်ဆိုလျှင် အပျို၊ အမည်းရောင်တဘက်ဆိုလျှင် အအို ခွဲခြားသိနိုင်ပါသည်။ ရှမ်းစစ်သည်ကိုကြောက်၍ တောင်ပေါ်မှာပြေးရစဉ်ကသက်လုံမကွဲအောင် ရင်မှာတဘက်စည်းခဲ့ရသည်ကို အမြဲသတိရစေရန်ရင်မှာတဘက်စည်းရသည်ဟုထင်မိပါသည်။ ထီးလင်းမြို့နယ်ဝက်သက်ကျေးရွာတွင်ရိုးရာဝတ်စုံအမြဲဝတ်ဆင်သောအဖွားအိုများကိုတွေ့နိုင်ပါသေးသည်။ အသက်ငယ်သောတောင်သားအမျိုးသမီးတို့မှာ နေ့ကြီးရက်ကြီးများနှင့်ဗုဒ္ဒပူဇနိယပွဲတော်၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများတွင်သာရှေးထုံးစံအတိုင်းရိုးရာဝတ်ဆင်ကြသည်။ အခြားအချိန်များတွင် တောင်သားရိုးရာဝတ်စုံမဝတ်ကြတော့ပါ။
ပျော်စံရာမြေ
တောင်သားတို့သည် ထီးလင်းမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဆောမြို့နယ်တို့တွင်အောက်ပါအတိုင်းနေထိုင်လျက်ရှိပါသည်။
ထီးလင်းမြို့နယ်
ထန်းပင်ကုန်း။ တောရောင်း ၊ ပဇင်းချောင်၊ ဝါးဘိုးချောင်၊ ဝက်သက်ရွာမ၊ ဝက်သက်မြောက်၊ အိုင်းမ ၊ ရွှေခုံတိုင်၊ဇီးတော ၊ အုံးတော ၊ ကျောက်အုပ်၊ ကြာဥယျာဉ် ၊ ဟင်းခွတ်ကုန်း၊ သံပုရာ ၊ ဆေးမင်းတော ၊ အကြည်ဝါးဘင်း ၊ ထိန်တိုင်း။
ဂန့်ဂေါမြို့နယ်
တောင်လုံး ၊ တောင်ယာပြင် ၊ ဇီးပြား ၊ စံပယ် ၊ စင်ပုံ ။
ဆောမြို့နယ်
ရေရှင် ၊ တောင့်တက် ၊ ပြင်လယ် ၊ ကံကြီး ၊ ရင့်ရဲ ၊ ဇံတော ၊ ပေါက်ခေါင်း ၊ ငလွန်း ၊ ကျောက်ထု ၊ တေး ၊ ပန်းဆန် ၊ ကျောက်မြ ၊ မီအယ် ၊ ရွာသာ ၊ အညာပန်းပလွန်း ၊ ကျောက်စစ် ၊ ကံချောင်း ၊လက်မွန် ၊ ပေါက်တော၊ ငှက်ချောင် ၊ အညာကတင်း ၊ အကြည်ကတင်း ၊ ရင့်ရဲချောင်း ၊
ကံအိုး ၊ ကြီး ၊ နွာသိုး
ကင်ပွန်းတောင်းဓလေ့
တောင်သားအိမ်သို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတည်းခိုလျှင် ကင်ပွန်းဖိုး ၊ ငွေတမတ် ၊ ဆန်တစလယ်ပေးရပါသည်။ ကင်ပွန်းဖိုးမပေးလျင်အိမ်ရှင်မှာခိုက်တတ်သည်ဟူသောအယူရှိပါသည်။ တောင်သားအိမ်တည်းခိုသော ဧည့်သည်သည် ပစ္စည်းမမေ့အောင်သတိထားရသည်။အကယ်၍ဧည့်သည်သည် ပစ္စည်းမေ့ကျန်ခဲ့ပါက အိမ်ရှင်ကို ကင်ပွန်းဖိုးပေးရသည်။ အိမ်ရှင်ကလည်း ကင်ပွန်းဖိုးတောင်းတတ်သည်။ တောင်သား၏ကျွဲ (သို့) နွား တောထဲမှာကြိုးငြိလျင်ဖြုတ်ပေးပါကဖြုတ်ပေးသူကိုကျွဲ နွားပိုင်ရှင်ကကင်ပွန်းဖိုးပေးရသည်။ ကြိူးကိုယူသွားပါမူ ကင်ပွန်းဖိုးမပေးရတော့ပါ ။ ရေနစ်နေသောတောင်သားကိုကယ်လျင်ကယ်သူအာတောင်သားကကင်ပွန်းဖိုးပေးရသည်။ တောင်သားကိုယ်တိုင်ကမူ ရေနစ်သူကိုကယ်ရိုးထုံးစံမရှိချေ။ ကိုယ့်အိမ်မဟုတ်ဘဲတောင်သားအိမ်တွင်ကလေးမွေးမိပါက ကလေးအမေသည် အိမ်ရှင်ကိုချည်ခုနှစ်မျှင် ၊ ဆန်နည်းနည်းဖြင့်ကင်ပွန်းဖိုးပေးရပါသည်။ တောင်သားအိမ်မှာသွေးထွက်သယိုဖြစ်ပါက အိမ်ရှင်သည် ကင်ပွန်းဖိုးတောင်းတတ်ပါသည်။ ကင်ပွန်းဖိုးတောင်းဓလေ့ရှိသော်လည်းမိမိတို့ကလေးအား ကင်ပွန်းတတ်ဓလေ့ ခေါ် အမည်ပေးမင်္ဂလာလုပ်လေ့မရှိပါ။ အိမ်တောင်ဖက်တဦးဦးက ဗမာဖြစ်ပါက ကင်ပွန်းတပ်မင်္ဂလာပြုလုပ်လေ့ရှိပါသည်။
အသုဘကိစ္စ
အသုဘကိစ္စကိုရက်စုံမထားရပါ။ ရက်စုံထားလျင်ရွာမှာမကောင်းဆိုးဝါးဖြစ်တတ်သည်။ မိုးခေါင်တတ်သည် ဟုအယူစွဲရှိသည်။ သုဿန်ပို့ပြီးမိမိအိမ်သို့တန်းမပြန်ရ။ အသုဘအိမ်သို့ဝင်ပြီးမှ မိမိအိမ်သို့ပြန်ရ၏
တရွာသား တရွာသို့ အသုဘကိစ္စထွက်လာလျင်လည်းအသုဘအိမ်သို့ဦးစွာသွားရောက်ကူရမည်။ ကျန်အိမ်သို့နောက်မှဝင်ရမည်။ သို့မဟုတ် တခြားအိမ်သို့ဝင်မိပါကအဝင်ခံရမည့်အိမ် နိမိတ်မကောင်း ဟူ၍ယုံကြည်ကြသည်။အကူငွေကိုလည်းသွားမည့်သူကို ကြိုတင်၍ငွေပါးမထားရပါ။ ထိုသူသွားချိန်မှသာပါးရသည်။ ငွေပါးခံရသူမှာအမင်္ဂလာဟူ၍အယူရှိသည်။
အသုဘရှိသည့်အိမ်သည်ကိစ္စအတွက်တခြားအိမ်မှဓါတ်မီးငှား၏ပြန်ပို့သောအခါ အိမ်ရှင်၏လက်ကိုချည်ခုနစ်မျှင်ချည်၍ ကင်ပွန်းဖိုးပေးရ၏ အသုဘအိမ်ကားနေရာကျဉ်းသည်ထို့ကြောင့်အသုဘလာသူတို့ကိုတခြားအိမ်၌ထမင်းကျွေး အသုဘအရှင်ကထမင်းလက်ခံကျွေးသောအိမ်ရှင်လက်ကိုချည် ၇ မျှင်ချည်ပီး ကင်ပွန်းဖိုးပေးရသည်။ တောင်သားသေလျှင် မီးသင်္ဂြိုပါသည်။
ကျွဲခလောက်ဆွဲဓလေ့
လူငယ်တို့သဘာဝ အချစ်လွန်၍ ကိုယ်ဝန်ရတတ်ကြသည်။ ကလေးအဖေမဖော်နိုင်လျင် အမျိုးသမီးလည်ပင်းမှာကျွဲခလောက်ဆွဲကာရွာကို ၇ ပတ်ပြည့်အောင် လှည့်ရမည်။အင်မတန်ဖြစ်ခဲပါသည်။ ဖြစ်လာလျှင်လည်း ယနေ့ထက်တိုင်ကျွဲခလောက်ဆွဲလှည့်ရပါသည်။ ဤသို့အပြစ်ပေးခြင်းဖြင့်နောင်တွင်မည်သူမျှဖြစ်မလာအောင်တားဆီးခြင်းဖြစ်သည်။
ယခုအခါတောင်သားတို့ ခောတ်ပညာတတ်လာကြပီမို့အယူအဆအစွဲလမ်းများကိုပယ်ဖျက်လာကြပါပြီ။ တချို့အယူအဆ အစွဲလမ်းများကိုတောင်သားအချင်းချင်းကျင့်သုံးကြပြီး ဗမာတို့နှင့်ပေါင်းသင်းဆက်ဆံရာ၌မကျင့်သုံးကြတော့ပါ။ သို့သော် ဘေးဒုက္ခအန္တရာယ်ကြုံလာပါက ရှေးကအတိုင်းကင်ပွန်းဖိုးတောင်းသော ဓလေ့ကားရှိပါသေးသည်။
ငယ်စဉ်ကကြားဖူးသောမိုးဇာဗြောသီချင်းတွင် ကြောက်ဖွယ်ပေါတယ် ၊ ယောသူတို့ရွာဟူသောစာသားပါခဲ့သည်။ တကယ်ပဲငြောက်စရာကောင်းလား? စာရေးဆရာတချို့ကလည်းယောနယ်ကိုနောက်ခံထားစုန်း ကဝေဝတၳုများရေးခဲ့ကြသည်။တကယ်ပဲယောသည်လန့်စရာကောင်းပါသလား။? ယခင်ကကြားခဲ့သိခဲ့သလို ယောသည်ကြောက်စရာမဟုတ် ၊လန့်စရာလည်းမဟုတ်ပါ။ ရောက်ပြီးလျင်မပြန်ချင်သောအရပ်သာဖြစ်ပါသည်။ ပညာရှိပါသည်ဆိုသောစာရေးဆရာများဒေသတခုကိုမိမိကျော်ကြားလိုမှု့အတွက်အပုတ်မချစေချင်ပါ။ ပညာရှိတဦး၏ မှားယွင်းမှု့သည် တကမ်ဘာလုံးကိုမှားယွင်းစေနိုင်သည်ဟူသော အာရပ်စကားပုံရှိပါသည်။ တချိန်က ယော၏ မျက်နှာကို အိုးမဲသုတ်ခဲ့ကြ၍ ယောမှာအကျဉ်းတန်ခဲ့ပါသည်။ ပတ္တမြားမှန်လျင် နွံမှာနစ်သော်လည်း အရောင်မညှိုးသကဲ့သို့ ယောသည် ဖွံ့ဖြိုးလာပြီဖြစ်ပါသည်။
ထို့ကြောင့်ရောင်ဒူးတို့နေထိုင်ရာ ယောသို့လာချင်စိတ် တဖွားဖွား ဖြစ်ပေါ်လာမည်ဆိုပါလျှင် ဤဆောင်းပါးရေးသားသူနှင့် ယခုထပ်ဆင့်မျှဝေခံစားစေလိုသူ ကျနော်တို့ရေးသားပြုစု တင်ပြရကျိုးနပ်ပါသည်ဟူ၍ ခံယူမိပါသတည်း။
( စာကိုး - စာပေဗိမာန်မှ ၁၉၉၆ ခုနှစ် ထုတ်ဝေသောစောကြူမောင်
(ယောမြေ) ၏ တောင်သား ( သို့ ) ရေမြေကို အောင်နိုင်သူ )
အောင်ဆန်းသိန်း ( ပခုက္ကူ ) ၏ စာအား ပြန်လည် မျှဝေခံစားစေပါသည်။
ရက်စွဲ ( ၃-၉-၁၉ ) အချိန် ( ၁၈:၅၅ ) နာရီ
ကျော်ထွန်း
ရွှင်လန်းချမ်မြေ့ကြပါစေ…